30 ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
31 ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား “သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
32 သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။
33 သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှ ကျွန်မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့် ‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
34 ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။
35 ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။
36 ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။