44 သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုအတိုင်းပြောဆို၏။
45 ငါမူကား သမ္မာတရားကိုပြောဆိုသောကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။
46 သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
48 ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
49 ယေရှုက “ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
50 သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။