31 ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
32 ယေရှုကလည်း “ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
33 ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။
34 ယေရှုက “သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။
35 ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍
36 ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။
37 ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်ကြနှင့်။