25 ယေရှုကလည်း “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။
26 အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော”ဟု မိန့်တော်မူ၏။
27 မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။
28 ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
29 မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။
30 ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။
31 အိမ်၌ မာရိနှင့်အတူရှိ၍ သူ့ကိုနှစ်သိမ့်နေသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်မှတ်လျက် သူ့နောက်သို့လိုက်သွားကြ၏။