26 အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော”ဟု မိန့်တော်မူ၏။
27 မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။
28 ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
29 မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။
30 ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။
31 အိမ်၌ မာရိနှင့်အတူရှိ၍ သူ့ကိုနှစ်သိမ့်နေသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်မှတ်လျက် သူ့နောက်သို့လိုက်သွားကြ၏။
32 မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။