36 ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။
37 သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။
38 ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။
39 ယေရှုက “ကျောက်တုံးကိုဖယ်ရှားကြလော့”ဟု မိန့်တော်မူ၏။ သေဆုံးသောသူ၏အစ်မ မာသက “သခင်ဘုရား၊ လေးရက်ပင်ရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်”ဟု လျှောက်လေ၏။
40 ယေရှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
41 ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက် “အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
42 ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏”ဟု မြွက်ဆိုတော်မူ၏။