ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:22-28 MSB

22 ဖိ​လိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြော​ပြ​ပြီး​လျှင် အန္ဒြေ​နှင့်​ဖိ​လိပ္ပု​တို့​သည်​လာ​၍ ယေ​ရှု​ထံ​လျှောက်​ထား​ကြ​၏။

23 ထို​အ​ခါ ယေ​ရှု​က “လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​မည့်​အ​ချိန် ရောက်​လာ​ပြီ။

24 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်​စီး​လျှင် တစ်​စေ့​တည်း​ရှိ​နေ​၏။ ပျက်​စီး​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို ဖြစ်​ထွန်း​စေ​တတ်​၏။

25 မိ​မိ​အ​သက်​ကို​တွယ်​တာ​သော​သူ​သည် အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​၌ မိ​မိ​အ​သက်​ကို​မုန်း​သော​သူ​မူ​ကား ထို​အ​သက်​ကို ထာ​ဝ​ရ​အ​သက်​အ​တွက် စောင့်​ရှောက်​လိမ့်​မည်။

26 မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထို​အ​ခါ ငါ​ရှိ​ရာ​အ​ရပ်​၌ ငါ​၏​အ​မှု​ဆောင်​လည်း​ရှိ​လိမ့်​မည်။ မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

27 ယ​ခု ငါ့​စိတ်​ပူ​ပန်​လျက်​ရှိ​၏။ ငါ​မည်​သို့​လျှောက်​ရ​ပါ​မည်​နည်း။ ‘အို အ​ဖ၊ ဤ​အ​ချိန်​နာ​ရီ​မှ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ’​ဟူ​၍ လျှောက်​ရ​ပါ​မည်​လော။ သို့​ရာ​တွင် ငါ​သည် ဤ​အ​တွက်​ကြောင့် ယ​ခု​အ​ချိန်​နာ​ရီ​သို့ ရောက်​လာ​ခဲ့​၏။

28 ‘အို အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​အား ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပါ’”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ “ငါ​သည် ဘုန်း​တော်​ထင်​ရှား​စေ​ခဲ့​ပြီ။ နောက်​တစ်​ဖန်​လည်း ထင်​ရှား​စေ​ဦး​မည်”​ဟု ကောင်း​ကင်​မှ​အ​သံ​တော်​လာ​၏။