12 ဂျူးလူမျိုးတို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
13 သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။
14 ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍ “ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
15 ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုးတို့အား ပြောကြားလေ၏။
16 ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။
17 သို့ရာတွင် ယေရှုက “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
18 ထို့အတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။