22-23 လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ သားတော်ကိုရိုသေကြရန် ခမည်းတော်သည် မည်သူ့ကိုမျှတရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားပေးအပ်တော်မူပြီ။ သားတော်ကိုမရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။
24 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်၏။
25 သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
26 အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။
27 သားတော်သည် လူ့သားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အားပေးအပ်တော်မူပြီ။
28 ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများ၌ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍
29 ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။