28 ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများ၌ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍
29 ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။
30 ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာသောကြောင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်၏။
31 ငါသည် ကိုယ့်အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည် မှန်ကန်မှုမရှိ။
32 ငါ့အကြောင်းကိုသက်သေခံသည့် အခြားသောအရှင်တစ်ပါးရှိ၏။ ထိုအရှင်ပေးသည့် ငါနှင့်ပတ်သက်သောသက်သေခံချက်သည် မှန်ကန်ကြောင်းကို ငါသိ၏။
33 သင်တို့သည် ယောဟန်ထံသို့ လူကိုစေလွှတ်ကြရာ သူသည် သမ္မာတရားဘက်၌သက်သေခံခဲ့၏။
34 ထိုသို့ဆိုသော် လူ၏သက်သေခံချက်ကို ငါခံယူသည်မဟုတ်။ သို့ရာတွင် သင်တို့ကယ်တင်ခြင်းခံရရန် ဤအရာများကို ငါပြော၏။