11 ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
12 ထိုသူတို့သည် ဝလင်စွာစားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား “တစ်စုံတစ်ခုမျှ အလဟဿမဖြစ်စေရန် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြလော့”ဟု မိန့်တော်မူ၏။
13 တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
14 လူတို့သည် ယေရှုပြုတော်မူသော ထိုနိမိတ်လက္ခဏာကိုမြင်၍ “ဤသူသည် အမှန်ပင် ဤလောကသို့ကြွလာရမည့် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။
15 လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။
16 ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် ပင်လယ်သို့ဆင်းသွား၍
17 လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။