28 သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။
29 ယေရှုက “ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
30 သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
31 ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားကြရသည်”ဟု လျှောက်ကြ၏။
32 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
33 အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
34 ထိုအခါ သူတို့က “သခင်ဘုရား၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ”ဟု လျှောက်ကြ၏။