31 ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားကြရသည်”ဟု လျှောက်ကြ၏။
32 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
33 အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
34 ထိုအခါ သူတို့က “သခင်ဘုရား၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ”ဟု လျှောက်ကြ၏။
35 ယေရှုကလည်း “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
36 သို့ရာတွင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37 ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။