6 သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။
7 ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍ “သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူပြီးလျှင်
8 တစ်ဖန်ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။
9 သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။
10 ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍ “အသင်မိန်းမ၊ ထိုသူတို့အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူ တစ်ယောက်မျှမရှိသလော”ဟု မေးတော်မူလျှင်
11 ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း “ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်”ဟု မိန့်တော်မူ၏။]
12 တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍ “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။