1 အို ထာဝရဘုရား၊ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ကယ်မတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ။
2 ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
3 ကျွန်တော်မျိုး၏ဘဝအသက်တာသည် မီးခိုးကဲ့သို့လွင့်ပျောက်လျက်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် မီးကဲ့သို့လောင်ကျွမ်းလျက်နေပါ၏။
4 ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။
5 ကျွန်တော်မျိုးသည်အသံကျယ်စွာညည်းညူ ရပါ၏။ကျွန်တော်မျိုးမှာအရိုးနှင့်အရေသာလျှင် ရှိပါတော့သည်။
6 ကျွန်တော်မျိုးသည်တောကန္တာရရှိ တောငှက်ကဲ့သို့လည်းကောင်း၊ယိုယွင်းပျက်စီးနေသောအဆောက်အအုံရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။
7 ကျွန်တော်မျိုးသည်အိပ်၍မပျော်နိုင်ဘဲ ဖြစ်နေပါ၏။ကျွန်တော်မျိုးသည်အိမ်မိုးပေါ်တွင်တစ်ကောင်တည်း နားနေရသောငှက်နှင့်တူပါ၏။
8 ကျွန်တော်မျိုးအားရန်သူများသည်တစ်နေ့လုံး စော်ကားကြပါ၏။သူတို့သည်ကျွန်တော်မျိုးကိုပုံခိုင်း၍ ကျိန်ဆဲကြပါ၏။
9-10 ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့်ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
11 ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
12 သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
13 ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
14 ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်းထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
15 လူမျိုးအပေါင်းတို့သည်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။လောကဘုရင်အပေါင်းတို့သည်ကိုယ်တော်၏ တန်ခိုးတော်ကိုကြောက်ရွံ့ရိုသေကြလိမ့်မည်။
16 ထာဝရဘုရားသည်ဇိအုန်မြို့ကိုပြန်လည် တည်ထောင်တော်မူသောအခါမိမိ၏ဘုန်းအသရေတော်ကိုပေါ်လွင် ထင်ရှားစေတော်မူလိမ့်မည်။
17 ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
18 ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကိုနောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
19-20 အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်းထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
21-22 သို့ဖြစ်၍အတိုင်းတိုင်းအပြည်ပြည်မှ လူမျိုးတကာတို့သည်စုရုံးလာကြပြီးလျှင်ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုကြသောအခါဇိအုန်တောင် ပေါ်၌ ကိုယ်တော်၏နာမတော်ကိုကြေညာကြလိမ့်မည်။ယေရုရှလင်မြို့တွင်ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
23 ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည်ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
24 အို ဘုရားသခင်၊ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
25 ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကိုတည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
26 ထိုအရာအားလုံးသည်ကွယ်ပျောက်သွား ကြမည်ဖြစ်သော်လည်းကိုယ်တော်ရှင်မူကားရှိနေတော်မူမည်ဖြစ်ပါ၏။ထိုအရာအပေါင်းတို့သည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ကိုယ်တော်ရှင်သည်အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့်ထိုအရာတို့သည်ပြောင်းလဲကွယ်ပျောက် သွားကြပါလိမ့်မည်။
27 သို့ရာတွင်ကိုယ်တော်ရှင်မူကားအဘယ်အခါ ၌မျှ ပြောင်းလဲတော်မမူပါ။အသက်တော်သည်လည်းအဘယ်အခါ၌မျှ ကုန်ဆုံးတော်မူလိမ့်မည်မဟုတ်ပါ။