1 အို ထာဝရဘုရား၊ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
2 ``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟုလူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။
3 ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
4 သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
5 ယင်းတို့သည်နှုတ်များပါရှိလျက်နှင့်စကား မပြောနိုင်။မျက်စိများပါရှိလျက်နှင့်မမြင်နိုင်။
6 နားများပါရှိလျက်နှင့်မကြားနိုင်။နှာခေါင်းများရှိပါလျက်နှင့်အနံ့မရနိုင်။
7 လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။
8 ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည်မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။
9 ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
10 အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
11 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူ အပေါင်းတို့၊ ကိုယ်တော်ကိုကိုးစားကြလော့။ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
12 ထာဝရဘုရားသည်ငါတို့ကိုသတိရတော် မူ၍ ကောင်းချီးပေးတော်မူလိမ့်မည်။ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ ကိုလည်းကောင်း၊ဘုရားသခင်၏ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ကောင်း ကောင်းချီးပေးတော်မူလိမ့်မည်။
13 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူအပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
14 ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။
15 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသောထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
16 ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
17 သေလွန်ကြသူ၊ဆိတ်ငြိမ်ရာသို့သက်ဆင်းကြသူများသည်ထာဝရဘုရားကို ထောမနာမပြုကြ။
18 သို့ရာတွင်အသက်ရှင်နေသူငါတို့မူကားယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ထာဝရဘုရားအားထောမနာပြုကြလော့။