1 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
2 ကိုယ်တော်ရှင်၏မေတ္တာတော်သည်ကာလအစဉ် တည်တော်မူ၍သစ္စာတော်သည်လည်းမိုးကောင်းကင်ကဲ့သို့ ခိုင်မြဲတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
3-4 ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟုငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။
5 ကောင်းကင်တို့သည်ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်းကိုသီချင်းဆို ကြပါ၏။အို ထာဝရဘုရား၊သန့်ရှင်းသူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုသီချင်းဆိုကြပါ၏။
6 အို ထာဝရဘုရား၊ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။
7 ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
8 အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ကိုယ်တော်ရှင်ကဲ့သို့တန်ခိုးကြီးမားသူ မရှိပါ။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ခပ်သိမ်းသောအမှုတို့တွင် သစ္စာရှိတော်မူပါ၏။
9 ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။
10 ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။
11 ကမ္ဘာမြေကြီးကိုလည်းကောင်း၊မိုးကောင်းကင် ကိုလည်းကောင်းပိုင်တော်မူပါ၏။ကိုယ်တော်ရှင်သည်ကမ္ဘာနှင့်ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကိုဖန်ဆင်းတော်မူပါ၏။
12 ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည်ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
13 ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။
14 ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။
15 သီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင်ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။
16 သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့်သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
17 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။
18 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။
19 လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအားဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
20 ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
21 သူသည်ငါ့ထံမှခွန်အားကိုအစဉ်အမြဲ ရရှိမည်။ ငါ၏တန်ခိုးအားဖြင့်သူ့အားစွမ်းသန် စေမည်။
22 သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
23 ငါသည်သူ၏ရန်သူများကိုချေမှုန်းပစ်မည်။သူ့ကိုမုန်းသောသူအပေါင်းတို့အား သုတ်သင်ပစ်မည်။
24 ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။သူ့အားအစဉ်အောင်ပွဲခံစေမည်။
25 ငါသည်သူ၏တိုင်းနိုင်ငံကိုမြေထဲပင်လယ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ်ပြန့်စေမည်။
26 သူသည်ငါ့အား`ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
27 ငါသည်သူ့အားငါ၏သားဦးဖြစ်စေမည်။ ဘုန်းအကြီးဆုံးသောဘုရင်ဖြစ်စေမည်။
28 ငါသည်သူ့အားထားရှိသည့်ကတိသစ္စာကို အစဉ်တည်စေမည်။ငါနှင့်သူပြုသောပဋိညာဉ်ကိုခိုင်မြဲစေမည်။
29 သူ၏တိုင်းနိုင်ငံသည်မိုးကောင်းကင်ကဲ့သို့ တည်မြဲလိမ့်မည်။သူ၏သားမြေးများသည်အခါခပ်သိမ်းဘုရင် ဖြစ်ကြလိမ့်မည်။
30 ``သို့ရာတွင်အကယ်၍သူ၏သားမြေးတို့သည်ငါ့တရားတော်ကိုပစ်ပယ်ကာငါ၏နည်း ဥပဒေကို မကျင့်သုံးလျှင်သော်လည်းကောင်း၊
31 ငါ၏ညွှန်ကြားချက်များကိုလျစ်လူရှု၍ငါ၏ပညတ်တို့ကိုမစောင့်မထိန်းလျှင် သော်လည်းကောင်း
32 ငါသည်သူတို့ပြုသည့်ဒုစရိုက်များအတွက် အပြစ်ပေးမည်။သူတို့၏အမှားများအတွက်ဒဏ်ခတ်မည်။
33 သို့သော်ငါသည်ဒါဝိဒ်ကိုချစ်မြဲချစ်မည်။သူ့အားငါထားသည့်ကတိတော်ကိုလည်း ဖျက်မည်မဟုတ်။
34 ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။
35 ``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
36 ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
37 သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။
38 သို့ရာတွင်ကိုယ်တော်ရှင်သည်မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။
39 ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
40 သူ၏မြို့တော်တံတိုင်းများကိုချိုးဖျက်တော်မူ၍ သူ၏ခံတပ်များကိုဖြိုဖျက်တော်မူပါပြီ။
41 သူ၏အနီးမှဖြတ်သန်းသွားလာကြသူ အပေါင်းသည် သူ၏ဥစ္စာပစ္စည်းများကိုခိုးယူကြပါ၏။အိမ်နီးချင်းအပေါင်းတို့သည်ပြောင်လှောင် ကြပါ၏။
42 ကိုယ်တော်ရှင်သည်သူ၏ရန်သူတို့အားအောင်ပွဲကို ခံစေတော်မူပါပြီ။သူတို့အားလုံးကိုဝမ်းမြောက်ရွှင်လန်းစေတော် မူပါပြီ။
43 ကိုယ်တော်ရှင်သည်သူ၏ဋ္ဌားတို့ကိုတုံးစေတော် မူ၍ သူ့အားစစ်ပွဲတွင်အရေးရှုံးနိမ့်စေတော်မူ ပါပြီ။
44 ကိုယ်တော်ရှင်သည်သူ၏လှံတံတော်ကို ယူသိမ်းတော်မူ၍သူ၏ရာဇပလ္လင်တော်ကိုမြေသို့ လဲကျစေတော်မူပါပြီ။
45 ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။
46 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
47 ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သောကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
48 အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။
49 အို ဘုရားသခင်၊ယခင်ကဖော်ပြခဲ့သောကိုယ်တော်ရှင်၏ မေတ္တာတော်ကားအဘယ်မှာနည်း။ဒါဝိဒ်အားကိုယ်တော်ရှင်ထားတော်မူသော ကတိတော်များကားအဘယ်မှာနည်း။
50 ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကိုအဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။
51 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကိုကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။
52 ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။အာမင်၊ အာမင်။