ဆာ​လံ 103 BCL

ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်ဒါ​ဝိဒ်​စပ်​ဆို​သည်။

1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

2 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

3 ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။

4 ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။

5 ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့်ငါ​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​နု​ပျို​သန်​စွမ်း လျက်​ရှိ​၏။

6 ထာ​ဝ​ရ​ဘု​ရား​သည်ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။

7 ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။

8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက်ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

9 ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။

10 ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။

11 ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည်မြင့်​မား​သည်​နှင့်​အ​မျှကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

12 အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။

13 ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

14 ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။

15 ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။

16 လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့်ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။

17-18 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက်ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။

19 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။

20 တန်​ခိုး​စွမ်း​ရည်​ကြီး​မား​၍​ကိုယ်​တော်​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​လျက်ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သော ကောင်း​ကင်​တ​မန်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

21 ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်းလုပ်​ဆောင်​သူ​အ​စေ​ခံ​များ​ဖြစ်​သောကောင်း​ကင်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

22 ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။