1 သူယုတ်မာတို့၏အတွက်ကြောင့်စိုးရိမ်ပူပန်မှု မဖြစ်နှင့်။
2 သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
3 ထာဝရဘုရားကိုကိုးစားလျက်အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
4 ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
5 သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
6 သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
7 ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သောဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
8 မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။စိုးရိမ်မှုနှင့်ဒေါသအမျက်သည်သင့်အား ဆိုးကျိုးသာပေးလိမ့်မည်။
9 ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
10 ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။
11 သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည်ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
12 သူယုတ်မာသည်သူတော်ကောင်းအားမကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
13 သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်းထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
14 သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အားသတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်းဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
15 သို့ရာတွင်ထိုသူတို့သည်မိမိ၏ဋ္ဌားများဖြင့် ပင်လျှင် ထိုးသတ်ခံကြရလိမ့်မည်။သူတို့၏လေးများသည်လည်းကျိုးကုန်ကြ လိမ့်မည်။
16 သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည်သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
17 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
18 ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
19 ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။အစာငတ်မွတ်ခေါင်းပါးချိန်များ၌အစာ ရေစာ လုံလောက်စွာရရှိကြလိမ့်မည်။
20 သူယုတ်မာတို့မူကားသေကြလိမ့်မည်။ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည်တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။
21 သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။သူတော်ကောင်းမူကားရက်ရောစွာပေးကမ်း တတ်၏။
22 ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။သို့ရာတွင်ကိုယ်တော်ကျိန်တော်မူခြင်းခံရသော သူတို့မူကားပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
23 ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
24 ထာဝရဘုရားသည်သူတို့အားကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
25 ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။
26 သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
27 ဒုစရိုက်ကိုရှောင်ကြဉ်၍သုစရိုက်ကိုပြုလော့။သို့ပြုလျှင်သင်၏သားမြေးတို့သည်ပြည်တော် တွင် အစဉ်အမြဲနေရလိမ့်မည်။
28 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
29 ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
30 သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။သူသည်အစဉ်ပင်တရားမျှတ၏။
31 သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
32 သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
33 သို့ရာတွင်ထာဝရဘုရားသည်သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
34 ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ကိုယ်တော်သည်သင့်အားပြည်တော်ကိုပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
35 ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
36 သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
37 သူတော်ကောင်းကိုကြည့်ရှုလော့။ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
38 သို့ရာတွင်အပြစ်ကူးသူတို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။
39 ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
40 ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။သူတို့သည်ကိုယ်တော်၏ထံတော်တွင်ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။