1 ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
2 နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ကာလအစဉ်အဆက်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
3 ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
4 ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကိုလူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသောမဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
5 သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
6 လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
7 သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကိုမြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
8 ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
9 ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
10 အို ထာဝရဘုရား၊ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
11 သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့်အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
12 ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
13 ကိုယ်တော်ရှင်၏နိုင်ငံတော်သည်နိစ္စထာဝရ တည်တော်မူပါ၏။ကိုယ်တော်ရှင်သည်လည်းထာဝရဘုရင် ဖြစ်တော်မူပါ၏။ထာဝရဘုရားသည်မိမိ၏ကတိတော်တို့ကို တည်စေတော်မူ၍ပြုတော်မူသမျှသောအမှုတို့တွင်မေတ္တာတော်ကို ဖော်ပြတော်မူ၏။
14 ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
15 သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
16 ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။
17 ထာဝရဘုရားသည်ပြုလေသမျှသောအမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
18 ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
19 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
20 ကိုယ်တော်သည်မိမိအားချစ်သောသူအပေါင်း တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။သူယုတ်မာအပေါင်းတို့ကိုမူကား သုတ်သင်တော်မူလိမ့်မည်။
21 ငါသည်ထာဝရဘုရားအားအစဉ်အမြဲ ထောမနာပြုမည်။သတ္တဝါအပေါင်းတို့သည်ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့်နာမတော်အား ကာလ အစဉ်အဆက်ထောမနာပြုကြပါစေ။