1 ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
2 ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
3 ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
4 ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
5 ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကိုစဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
6 တစ်ညလုံးငါသည်ဆင်ခြင်စဉ်းစားလျက်နေစဉ်၊
7 ဤသို့မိမိကိုယ်ကိုမေး၏။``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
8 ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
9 ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
10 ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့်ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
11 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသောထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။
12 ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
13 အို ဘုရားသခင်၊ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
14 ကိုယ်တော်ရှင်သည်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
15 ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသောယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
16 အို ဘုရားသခင်၊ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
17 မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက်အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
18 ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက်လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
19 ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင်လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
20 ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့်မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။