1-3 အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့်ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက်ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်းကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။
4 ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန်ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
5 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင်ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။
6 ကိုယ်တော်ရှင်သည်တန်ခိုးတော်အားဖြင့်တောင်များကိုနေရာချထားတော်မူလျက် တန်ခိုးအာနုဘော်တော်ကိုပြတော်မူပါ၏။
7 ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
8 ကိုယ်တော်ရှင်ပြတော်မူသောနိမိတ်လက္ခဏာများကြောင့်ကမ္ဘာမြေတစ်ဝန်းလုံးရှိ လူတို့သည်ကြောက်လန့်ကြပါ၏။ကိုယ်တော်ရှင်ပြုတော်မူသည့်အမှုအရာများကြောင့် ကမ္ဘာမြေကြီးတစ်စွန်းမှတစ်စွန်းသို့တိုင်အောင်ရွှင်လန်းဝမ်းမြောက်သည့်ကြွေးကြော်သံများ ထွက်ပေါ်လာပါ၏။
9 ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကိုကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
10 ကိုယ်တော်ရှင်သည်မိုးကိုရွာစေတော်မူလျက်ထွန်ယက်ထားသည့်လယ်ယာများကိုစိုစွတ် စေတော်မူပါ၏။ထိုနောက်မိုးရေဖြင့်မြေဆီလွှာကိုပျော့စေတော်မူပြီးလျှင်ပျိုးပင်ငယ်များကို ပေါက်စေတော်မူပါ၏။
11 ကိုယ်တော်ရှင်ကောင်းမြတ်တော်မူခြင်းကြောင့်ရိတ်သိမ်းရသည့်အသီးအနှံများကား များပြားလှပါသည်တကား။ကိုယ်တော်ရှင်ကြွရောက်တော်မူရာအရပ် တိုင်း၌ ပေါများကြွယ်ဝမှုရှိပါသည်တကား။
12 စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
13 ကွင်းပြင်တို့သည်သိုးများနှင့်ပြည့်နှက်လျက်ရှိပါ၏။ချိုင့်ဝှမ်းတို့သည်ဂျုံပင်များနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။အရာခပ်သိမ်းတို့သည်ရွှင်လန်းစွာအော်ဟစ်၍ သီချင်းဆိုလျက်ရှိကြပါ၏။