1 ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
2 ဘိုးဘေးတို့ပြောကြားခဲ့သဖြင့်ငါတို့ကြားသိရသည့်
3 အတိတ်ကာလမှလျှို့ဝှက် နက်နဲသောအရာများအကြောင်းကိုသင်တို့အားငါစကားပုံများဖြင့်ရှင်း ပြမည်။
4 ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သောအမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
5 ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန်ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
6 ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက်မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
7 ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာကိုယ်တော်ပြုသောအမှုအရာတို့ကိုမမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
8 သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
9 လေးမြားကိုကိုင်စွဲတိုက်ခိုက်ကြသောဧဖရိမ်အမျိုးသားတို့သည်စစ်ပွဲဝင်ရသောနေ့၌ ထွက်ပြေးကြကုန်၏။
10 သူတို့သည်ဘုရားသခင်နှင့်မိမိတို့ပြုထားသည့် ပဋိညာဉ်ကိုမစောင့်ထိန်းကြ။ကိုယ်တော်ရှင်၏ပညတ်တော်ကိုလိုက်နာရန် ငြင်းဆန်ကြ၏။
11 သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့်နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
12 အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။
13 ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
14 နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊တစ်ညပတ်လုံးမီးအလင်းရောင်အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
15 ကိုယ်တော်သည်တောကန္တာရတွင်ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။
16 ကိုယ်တော်သည်ကျောက်ဆောင်မှစမ်းရေထွက်စေလျက်မြစ်သဖွယ် စီးဆင်းစေတော်မူ၏။
17 သို့ရာတွင်သူတို့သည်ဘုရားသခင်အား ပြစ်မှားမြဲပြစ်မှားလျက်အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်ကို သဲကန္တာရတွင်ပုန်ကန်ကြ၏။
18 သူတို့သည်စားလိုသည့်အစားအစာကိုတောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
19 ``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
20 ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါအရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
21-22 ထိုသူတို့၏စကားကိုကြားတော်မူသောအခါထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။သူတို့သည်ကိုယ်တော်ကိုအားမကိုး။ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
23 သို့သော်လည်းကိုယ်တော်သည်အထက် ကောင်းကင်အားမိန့်မြွက်တော်မူ၏။ကောင်းကင်တံခါးများအားဖွင့်ရန် အမိန့်ပေးတော်မူ၏။
24 ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
25 ထို့ကြောင့်သူတို့သည်ကောင်းကင်တမန်တို့၏ အစားအစာကိုစားကြရ၏။ဘုရားသခင်သည်သူတို့အားအဝကျွေးတော်မူ၏။
26 ထို့အပြင်ကိုယ်တော်သည်အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
27 ထိုနောက်ပင်လယ်ကမ်းခြေသဲလုံးနှင့်အမျှ များပြားသောငှက်တို့ကိုမိမိ၏လူစုတော်အားချပေးတော်မူ၏။
28 ယင်းငှက်တို့သည်တပ်စခန်းအလယ်တဲရှင်များ ပတ်လည်တွင်ကျကြ၏။
29 သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
30 သို့ရာတွင်သူတို့သည်ရောင့်ရဲမှုမရနိုင်။
31 ဘုရားသခင်သည်သူတို့အားအမျက်ထွက်တော်မူသဖြင့်အသန်စွမ်းဆုံးလက်ရွေးစင်ဣသရေလလူငယ်လူရွယ် များကို သေဒဏ်သင့်စေတော်မူ၏။
32 ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
33 သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
34 သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်းကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
35 ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသောကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည်မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
36 သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
37 သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
38 သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
39 ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
40 သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
41 သူတို့သည်အဖန်တလဲလဲဘုရားသခင်အားသွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
42-43 သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်းမိမိတို့အားရန်သူတို့လက်မှကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
44 အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန်ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
45 ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့်ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
46 သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့်လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
47 သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
48 သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
49 ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
50 ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
51 ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။
52 ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကိုသိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
53 ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
54 ကိုယ်တော်သည်သူတို့အားမိမိ၏သန့်ရှင်း မြင့်မြတ်သည့်ပြည်တော်သို့လည်းကောင်း၊ကိုယ်တော်တိုင်သိမ်းပိုက်တော်မူခဲ့သည့်တောင်တော်သို့လည်းကောင်းပို့ဆောင်တော် မူ၏။
55 မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင်ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
56 သို့ရာတွင်သူတို့သည်အနန္တတန်ခိုးရှင် ဘုရားသခင်အားပုန်ကန်၍သွေးစမ်းကြ၏။သူတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို မစောင့်မထိန်းကြ။
57 မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။သူတို့ကားလေးမှပစ်ထုတ်လိုက်သည့်လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
58 သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
59 မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။
60 ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
61 တန်ခိုးတော်နှင့်ဘုန်းအသရေတော်အထိမ်း အမှတ် ဖြစ်သောပဋိညာဉ်သေတ္တာတော်ကိုလည်းရန်သူတို့အားသိမ်းယူခွင့်ပြုတော်မူ၏။
62 ကိုယ်တော်သည်မိမိ၏လူစုတော်အား အမျက်ထွက်တော်မူသဖြင့်သူတို့ကိုသတ်ဖြတ်ရန်ရန်သူတို့အား အခွင့် ပေးတော်မူ၏။
63 ငယ်ရွယ်သူအမျိုးသားတို့သည်စစ်ပွဲတွင် ကျဆုံးကုန်သဖြင့်ငယ်ရွယ်သူအမျိုးသမီးတို့နှင့်လက်ထပ်ထိမ်းမြားမည့်သူ တစ်စုံတစ်ယောက်မျှမရှိတော့ပေ။
64 ယဇ်ပုရောဟိတ်တို့သည်ဋ္ဌားဘေးဖြင့် သေဆုံးသွားကြကုန်၏။သူတို့၏မုဆိုးမများသည်ငိုကြွေးမြည်တမ်းခွင့် မရကြ။
65 နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်းစပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။
66 မိမိ၏ရန်သူများကိုထာဝစဉ်အရှက်ကွဲ အရေးရှုံးနိမ့်စေတော်မူ၏။
67 သို့ရာတွင်ကိုယ်တော်သည်ယောသပ်၏သားမြေး တို့ကို ပစ်ပယ်တော်မူ၏။ဧဖရိမ်အမျိုးအနွယ်ကိုရွေးချယ်တော်မမူ။
68 သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့်ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။
69 ထိုတောင်တော်ပေါ်တွင်ကောင်းကင်ဘုံရှိအိမ်တော်နှင့် တူသောဗိမာန်တော်ကိုတည်ဆောက်တော်မူ၏။ထိုဗိမာန်တော်ကိုကမ္ဘာမြေကြီးကဲ့သို့ ကာလခပ်သိမ်းတည်တံ့ခိုင်မြဲစေတော်မူ၏။
70-71 ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။
72 ဒါဝိဒ်မင်းသည်သိုးထိန်းအဖြစ်နှင့်ထိုသူတို့အား ကိုယ်ကျိုးစွန့်ကာစောင့်ရှောက်ကြည့်ရှု၍လိမ္မာကျွမ်းကျင်စွာရှေ့ဆောင်လမ်းပြလေသည်။