1 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။
2 ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။
3 ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။သူတို့သည်လဲကျသေဆုံးကြပါ၏။
4 ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။
5 ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့်သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
6 ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့်ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
7 သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။
8 လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။
9 ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
10 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည်ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
11 ဇိအုန်မြို့တော်တွင်စိုးစံတော်မူသောထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။
12 ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
13 အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။အို ထာဝရဘုရားကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
14 သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက်ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
15 ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
16 ထာဝရဘုရားသည်ဖြောင့်မှန်စွာတရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
17 ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့်သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
18 ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကိုအစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
19 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။
20 အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။