1 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ကျွန်တော်မျိုး၏ဝေဒနာကြောင့်ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်းကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
2 ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ကယ်မတော်မူရန်ကိုယ်တော်ရှင်၏ထံတော်သို့ ကျွန်တော်မျိုးအော်ဟစ်ခဲ့ပါ၏။ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ ဝေဒနာကိုငြိမ်းစေတော်မူပါ၏။
3 ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်းကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။
4 ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသောအမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
5 ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူမိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
6 မိမိတွင်လုံခြုံမှုရှိပြီဟုယုံကြည်လျက်``ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်'' ဟုကျွန်တော်မျိုးသည်တစ်ကိုယ်တည်းပြောဆိုခဲ့ ပါ၏။
7 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်ကကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။
8 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက်
9 ``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
10 အို ထာဝရဘုရား၊ကျွန်တော်မျိုး၏ခေါ်သံကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးအားသနားကြင်နာတော်မူပါ။အို ထာဝရဘုရား၊ကျွန်တော်မျိုးကိုကူမတော်မူပါ'' ဟူ၍ တောင်းလျှောက်ခဲ့ပါ၏။
11 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
12 သို့ဖြစ်၍ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေမည် မဟုတ်ပါ။ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကျေးဇူး တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။