1 အို ဘုရားသခင်၊သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
2 အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ကျွန်တော်မျိုးသည်အဘယ်အခါမှကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
3 ငါသည်နေ့ရောညပါငိုကြွေးရသဖြင့်မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ရန်သူတို့ကငါ့အား``သင်၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
4 ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အားထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အားငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
5 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
6-7 ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ကိုယ်တော်သည်ဟေရမုန်တောင်နှင့်မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင်ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
8 နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
9 ``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟုငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။
10 ငါ့ရန်သူများက``သင်၏ဘုရားသည်အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့်သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
11 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။