1 အို ထာဝရဘုရား၊ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
2 ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
3 ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အားလှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
4 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
5 ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့်သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
6 ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ်သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
7 သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက်ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
8 သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက်မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
9 ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့်ငါသည်ရွှင်လန်းလိမ့်မည်။
10 ``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်းကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟုထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
11 ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှမကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
12 သူတို့သည်ငါ့အားကျေးဇူးကန်းကြ၏။ သို့ဖြစ်၍ငါသည်အလွန်စိတ်ပျက်လှ၏။
13 ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
14 ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
15 သို့ရာတွင်ငါဒုက္ခရောက်သောအခါ၊သူတို့အား လုံးပင် ဝမ်းမြောက်ကြလျက်ငါ့ကိုပြောင်လှောင်ရန်ဝိုင်းရံစုရုံးလာကြ၏။ငါမသိသောသူတို့သည်ငါ့အားရိုက်နှက်ကြ၏။ မရပ်မစဲဘဲရိုက်နှက်ကြ၏။
16 ငါ့အားနာကြည်းအောင်ပြောင်လှောင်ကြ၏။မုန်းမာန်ပွား၍ငါ့ကိုစူးစူးဝါးဝါးကြည့် ကြ၏။
17 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အဘယ်ကာလတိုင်အောင် ကြည့်၍နေတော်မူပါမည်နည်း။သူတို့၏တိုက်ခိုက်မှုများမှကျွန်တော်မျိုးအား ကယ်နုတ်တော်မူပါ။ဤခြင်္သေ့တို့၏ဘေးမှကျွန်တော်မျိုး၏အသက်ကို ကယ်တော်မူပါ။
18 ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
19 ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အားကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အားကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
20 သူတို့သည်ငြိမ်းချမ်းစေမည့်စကားကို မပြောဘဲငြိမ်းချမ်းရေးလိုလားသူတို့၏အကြောင်းကို မဟုတ်မမှန်လုပ်ကြံ၍ပြောဆိုကြပါ၏။
21 သူတို့က``ဟားဟားသင်ပြုသောအမှုကိုငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။
22 သို့သော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤအမှုကိုသိမြင်တော် မူပါ၏။သို့ဖြစ်၍ အို ထာဝရဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။
23 အို ထာဝရဘုရား၊ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။
24 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုးတွင်အပြစ်မရှိကြောင်းထုတ်ဖော် ကြေညာတော်မူပါ။ကျွန်တော်မျိုး၏ရန်သူများသည်ကျွန်တော်မျိုးကိုအကြောင်းပြု၍နှစ်ထောင်း အားရခွင့်ကိုရစေတော်မမူပါနှင့်။
25 ``ငါတို့အလိုဆန္ဒပြည့်ပြီ၊သူ့ကိုငါတို့အနိုင်ရပြီ'' ဟူ၍သူတို့ပြောဆိုနိုင်ခွင့်ကို ပေးတော်မမူပါနှင့်။
26 ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည်မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟုပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
27 ကျွန်တော်မျိုးအားလွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသော သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာဖြင့်``ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏။ကိုယ်တော်၏အစေခံကောင်းစားသည်ကိုအားရနှစ်သက်တော်မူ၏'' ဟုအဖန်တလဲလဲ ကြွေးကြော်ကြပါစေသော။
28 ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်ရှင်တရားမျှတတော်မူပုံကိုထုတ်ဖော်ကြေညာ ပါမည်။တစ်နေ့လုံးကိုယ်တော်ရှင်အားထောမနာပြု ပါမည်။