1 ထာဝရဘုရားအားထောမနာပြုကြလော့။ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
2 ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
3 စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
4 ကိုယ်တော်သည်ကြယ်တာရာများ၏အရေ အတွက်ကိုသတ်မှတ်တော်မူ၍ကြယ်တစ်လုံးစီကိုနာမည် မှည့်ခေါ်တော်မူ၏။
5 ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
6 ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
7 ထောမနာသီချင်းများကိုဆို၍ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။စောင်းကိုတီး၍ဂီတသံဖြင့်ငါတို့ဘုရား အား ဂုဏ်တော်ကိုချီးမွမ်းကြလော့။
8 ကိုယ်တော်သည်ကောင်းကင်ပြင်ကိုမိုးတိမ် များဖြင့် ဖုံးလွှမ်းတော်မူ၏။ကမ္ဘာမြေကြီးပေါ်သို့မိုးရွာစေတော်မူ၍တောင်ကုန်းများတွင်မြက်များကိုပေါက်စေ တော်မူ၏။
9 ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
10 ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
11 သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
12 အို ယေရုရှလင်မြို့၊ထာဝရဘုရားအား ထောမနာပြုလော့။အို ဇိအုန်မြို့၊သင်၏ဘုရားကိုထောမနာပြု လော့။
13 ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။
14 ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
15 ကိုယ်တော်သည်ကမ္ဘာမြေကြီးအား အမိန့်ပေးတော်မူ၏။ထိုအမိန့်တော်အတိုင်းလျင်မြန်စွာဖြစ် ပျက်လာ၏။
16 ကိုယ်တော်သည်သိုးမွေးသဖွယ်ထူထပ်သော မိုးပွင့်များကိုကျစေတော်မူ၍ပြာမှုန့်သဖွယ်ဆီးနှင်းခဲများကိုကြဲချ တော်မူ၏။
17 ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
18 ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
19 ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
20 ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ထာဝရဘုရားအားထောမနာပြုကြလော့။