1 ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။
2 ငါသည်ကိုယ်တော်ပြုတော်မူသောအမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။
3 ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
4 ငါသည်ထာဝဘုရားအားဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
5 အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
6 ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
7 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အားကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။
8 ထာဝရဘုရားသည်အဘယ်မျှကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
9 ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
10 ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။သို့ရာတွင်ထာဝရဘုရား၏စကားကိုနားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
11 ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
12 သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။
13 လိုလားပါလျှင်ညစ်ညမ်းသည့်စကားနှင့် မုသားစကားကိုမပြောကြနှင့်။
14 ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
15 ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
16 သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါမကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန်ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
17 သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
18 ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
19 သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
20 ထာဝရဘုရားသည်သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။သူ၏အရိုးတစ်ချောင်းမျှပင်လျှင်မကျိုး မပဲ့ရ။
21 သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။
22 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။