1-2 လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
3 ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
4 ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
5 ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အားဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
6 ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကိုယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
7 လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
8-9 အဘယ်ကြောင့်ဆိုသော်လူ၏အသက်တန်ဖိုးသည် ကြီးလွန်းသောကြောင့်ဖြစ်၏။သူ့မှာအဘယ်အခါ၌မျှအသက်ဖိုး ပေးနိုင်စွမ်းမရှိသဖြင့်အဘယ်သို့လျှင်ထာဝစဉ်အသက်ရှင်လျက် နေနိုင်ပါမည်နည်း။အဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မဆင်းဘဲ နေနိုင်ပါမည်နည်း။
10 ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်းသေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
11 အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်းယခုအခါသင်္ချိုင်းတွင်းများသာလျှင်ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
12 လူသည်စည်းစိမ်ချမ်းသာခံစား၍တည်မြဲ သည်မဟုတ်။သူသည်တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။
13 မိမိတို့ကိုယ်ကိုယုံကြည်အားကိုးသူများ၊မိမိတို့စည်းစိမ်ချမ်းသာဖြင့်ကျေနပ်နေသူ များ၏ ကံကြမ္မာကိုကြည့်ကြလော့။
14 သူတို့သည်သိုးများကဲ့သို့သေကြရ၏။ သေမင်းသည်သူတို့၏သိုးထိန်းဖြစ်လိမ့်မည်။သူတို့၏ကိုယ်ခန္ဓာများသည်မိမိတို့အိမ်နှင့် ဝေးကွာလှသည့်မရဏာနိုင်ငံတွင်မကြာမီပုပ်ပျက်သွားစဉ်သူတော်ကောင်းတို့ သည် သူတို့ကိုအနိုင်ရကြလိမ့်မည်။
15 သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကယ်တော်မူလိမ့်မည်။သေမင်း၏လက်မှငါ့ကိုကယ်တင်တော်မူလိမ့်မည်။
16 လူတစ်စုံတစ်ယောက်သည်ချမ်းသာကြွယ်ဝကာ သူ၏စည်းစိမ်ဥစ္စာသည်လည်းပို၍ပင်တိုးပွားလာသောအခါသင်သည် စိတ်မကောင်းမဖြစ်နှင့်။
17 သူသည်သေသောအခါထိုစည်းစိမ်ဥစ္စာကို ယူ၍မသွားနိုင်။ယင်းစည်းစိမ်ဥစ္စာသည်သူနှင့်အတူသင်္ချိုင်း တွင်းသို့ လိုက်ပါသွားနိုင်လိမ့်မည်မဟုတ်။
18 လူသည်မိမိဘဝနှင့်ကျေနပ်၍မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
19 သေချိန်၌ဘိုးဘေးတို့ရှိရာထာဝစဉ်မှောင် မိုက်လျက် နေသည့်အရပ်သို့သွားရမည်။
20 လူသည်စည်းစိမ်ချမ်းသာခံစားရသော်လည်း တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။