1 အို ဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ဆိတ်ဆိတ်နေတော် မမူပါနှင့်။
2 သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
3 သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
4 ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်းသူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
5 သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။
6 ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန်အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
7 သူ့အားစစ်ဆေး၍ပြစ်မှုထင်ရှားပါစေသော။သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် ပြစ်မှုကူးရာရောက်ပါစေသော။
8 သူ၏အသက်သည်မကြာမီကုန်ဆုံးလျက် သူ၏ရာထူးကိုအခြားသူတစ်ဦးရရှိ ပါစေသော။
9 သူ၏သားသမီးများသည်မိဘမဲ့များဖြစ် ကြလျက် သူ၏ဇနီးသည်မုဆိုးမဖြစ်ပါစေသော။
10 သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
11 ကြွေးရှင်တို့သည်သူ၏ဥစ္စာပစ္စည်းရှိသမျှတို့ကို သိမ်းယူကြလျက်သူစိမ်းတစ်ရံဆံတို့သည်သူလုပ်ကိုင်၍ရသမျှသောအကျိုးခံစား ရကြပါစေသော။
12 အဘယ်အခါ၌မျှသူ့အားသနားကြင်နာ မည့်သူ၊သူ၏ဘသက်ဆိုးများကိုကြည့်ရှုစောင့်ရှောက် မည့်သူ မရှိပါစေနှင့်။
13 သူ၏အမျိုးတိမ်ကောပါစေသော။သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
14 သူ၏ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှု များကို ထာဝရဘုရားသည်သတိရတော်မူပါစေသော။သူ၏မိခင်ကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ဖြေလွှတ်တော်မမူပါနှင့်။
15 ထာဝရဘုရားသည်သူတို့၏အပြစ်တို့ကို သတိရတော်မူပါစေသော။သို့ရာတွင်သူတို့၏နာမည်သည်လောကမှ လုံးဝပျောက်ကွယ်သွားပါစေသော။
16 ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
17 သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
18 ကျိန်ဆဲမှုသည်သူ၏အတွက်ခါးဝတ် ပုဆိုးသဖွယ်ဖြစ်၏။သူ၏ကျိန်ဆဲချက်များသည်ရေကဲ့သို့သူ၏ကိုယ်ခန္ဓာထဲသို့လည်းကောင်း၊ဆီကဲ့သို့ သူ၏ အရိုးများထဲသို့လည်းကောင်းစိမ့်ဝင်ပါ စေသော။
19 ယင်းကျိန်ဆဲချက်တို့သည်အထည်အဝတ်ကဲ့သို့သူ့ကိုဖုံးလွှမ်း၍ခါးပတ်သဖွယ်သူ့ကိုအစဉ် အမြဲ ပတ်၍ထားပါစေသော။
20 အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့်သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
21 သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
22 ကျွန်တော်မျိုးသည်ဆင်းရဲချို့တဲ့နွမ်းပါး ပါ၏။အသည်းနှလုံးထဲတွင်နာကြည်းလျက်ရှိပါ၏။
23 ကျွန်တော်မျိုးသည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်ရန်နီးပါပြီ။ပိုးကောင်ကဲ့သို့လေတိုက်၍လွင့်သွားပါ၏။
24 အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
25 လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
26 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ကျွန်တော်မျိုးအားကယ်တော် မူပါ။
27 ကျွန်တော်မျိုးအားကယ်တော်မူသောသူသည်ကိုယ်တော်ရှင်ပင်ဖြစ်တော်မူကြောင်းကို ရန်သူတို့အားသိစေတော်မူပါ။
28 သူတို့သည်ကျွန်တော်မျိုးအားကျိန်ဆဲကြသော်လည်းကိုယ်တော်ရှင် မူကား ကောင်းချီးပေးတော်မူပါမည်။ကျွန်တော်မျိုးအားနှိပ်စက်ညှဉ်းဆဲသော သူတို့သည် အရေးရှုံးနိမ့်ကြပါစေသော။ကိုယ်တော်ရှင်၏ အစေခံကျွန်တော်မျိုးမူကား ဝမ်းမြောက်ရပါစေသော။
29 ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
30 ငါသည်အသံကျယ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ပရိသတ်တို့အလယ်တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
31 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။