1 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှကျွန်တော်မျိုးအားကယ်တော်မူပါ။
2 ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
3-4 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း
5 ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍မီကာသတ်ဖြတ်နိုင်လျက်ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြပါစေ။
6 အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
7 လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင်စုရုံးစေတော်မူပြီးနောက်အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။
8 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
9 ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
10 ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူ၏။ကိုယ်တော်သည်မိမိစကားကိုနားထောင်သူတို့အားကယ်တော်မူ၏။
11 ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။
12 အကယ်၍လူတို့သည်နောင်တမရကြပါမူဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
13 သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။
14 သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။
15 သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
16 သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
17 ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက်ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသောထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။