1 ထာဝရဘုရားအားထောမနာပြုလော့။ငါသည်ထာဝရဘုရား၏လူစုတော်အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
2 ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။
3 ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။
4 ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။
5 ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူတို့အား ကျွေးမွေးတော်မူ၏။မိမိပဋိညာဉ်တော်ကိုအဘယ်အခါ၌မျှ မေ့လျော့တော်မမူ။
6 ကိုယ်တော်သည်အခြားလူမျိုးတို့၏နယ်မြေ များကိုမိမိ၏လူစုတော်အားပေးတော်မူခြင်း အားဖြင့် တန်ခိုးတော်ကိုပြတော်မူလေပြီ။
7 ကိုယ်တော်ပြုလေသမျှသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊တရားမျှတမှုနှင့်လည်းကောင်းညီပါ၏။ကိုယ်တော်၏ပညတ်တော်မှန်သမျှသည် ယုံကြည်အားထားထိုက်ပါပေသည်။
8 ထိုပညတ်တော်တို့သည်ထာဝစဉ်တည်ပါ၏။ယင်းတို့ကိုသစ္စာတရားနှင့်လည်းကောင်း၊ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း စီရင်ထားတော်မူပြီ။
9 ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင်သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။
10 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အားမှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။