3 ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက်ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
4 မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန်ကိုယ်တော်သည်သက်သေများအဖြစ်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
5 ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့်ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
6 ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
7 ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
8 သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
9 သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။