36 သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
37 သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
38 သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
39 ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
40 သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
41 သူတို့သည်အဖန်တလဲလဲဘုရားသခင်အားသွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
42-43 သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်းမိမိတို့အားရန်သူတို့လက်မှကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။