2 သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ကိုယ်တော်အားထောမနာပြုကြလော့။ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်းသတင်းကောင်းကို နေ့စဉ်နေ့တိုင်းပြောကြားကြလော့။
3 လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊လူအပေါင်းတို့အားကိုယ်တော်၏အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
4 ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
5 အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
6 ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
7 ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
8 ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။