1 အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဗိမာန် တော်ကို အလွန်နှစ်သက်မြတ်နိုးလျက်
2 ထိုအရပ်တွင်လွန်စွာနေလိုလှပါသည်။ကျွန်တော်မျိုးသည်ထာဝရဘုရား၏ဗိမာန်တော် တံတိုင်းများကိုတသပါ၏။အသက်ရှင်တော်မူသောဘုရားသခင်အားကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါဝမ်း မြောက်စွာ ထောမနာသီချင်းဆိုပါ၏။
3 ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူသောအနန္တတန်ခိုးရှင်ထာဝရဘုရား၊စာငှက်များနှင့်ဇရက်များပင်လျှင်မိမိတို့၏ အသိုက်အအုံများကိုကိုယ်တော်ရှင်၏ယဇ်ပလ္လင်အနီးတွင်ဆောက် လုပ်၍ သားငယ်များကိုထားကြပါ၏။
4 ကိုယ်တော်ရှင်အားအစဉ်မပြတ်ထောမနာ ပြုလျက်ဗိမာန်တော်တွင်နေကြသူတို့သည်အလွန်ပင် မင်္ဂလာရှိပါသည်တကား။
5 ကိုယ်တော်ရှင်၏ထံတော်မှခွန်အားစွမ်းရည်ကို ခံယူရရှိသောသူတို့သည်မင်္ဂလာရှိကြပါ၏။သူတို့သည်ဇိအုန်တောင်တော်သို့ခရီးပြုရန် စိတ်ထက်သန်ကြပါ၏။
6 ထိုသူတို့သည်ခြောက်သွေ့နေသည့်ဗာကာ ချိုင့်ဝှမ်းကို ဖြတ်သန်းသွားစဉ်ရေများပေါက်၍လာပါ၏။မိုးဦးရွာသဖြင့်အိုင်များထွန်း၍လာပါ၏။
7 ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။